Friday, 27 June 2014

ကချင် ထမင်း ဟင်း စားရအောင်

 
နေ့စဉ် စားသောက်နေဖြစ်တဲ့ အိမ်ထမင်း အိမ်ဟင်းတွေ၊ အလွယ်စား အဆာပြေအစားအစာတွေကို ငြီးငွေ့နေသူတွေအတွက် ဒီတပတ်တော့ တိုင်းရင်းသား ရိုးရာစာလေးတွေဘက် လှည့်ဦးမယ်လို့ တွေးပြီး ကချင်ရိုးရာ အစားအစာတွေ နာမည်ကြီးတဲ့ ကန်တော်ကြီးဥယျာဉ်ဝင်းထဲက “မလိခူး” ကချင်ရိုးရာ စားသောက်ဆိုင်ကို သွားဖြစ်ခဲ့ပါတယ်။


(ဓာတ်ပုံများ - စိုင်းဇော် / ဧရာဝတီ)

ဆိုင်က ကန်ရေပြင်ကို မေးတင်ထားရင်း သစ်သားခင်းကြမ်းပြင်နဲ့ အမိုးသာပါပြီး အကာအရံ အဆီး အတားမရှိတဲ့အတွက် ကန်ရေပြင်ကို ဖြတ်တိုက်လာတဲ့ လေပြည်လေညင်း ကိုလည်း တဝကြီး ခံစားရပါတယ်။

ဟင်းပွဲတွေမှာဖို့ စဉ်းစားကြတဲ့ အခါမှာတော့ ထူးခြားပြီး အမြင်စိမ်းနေတဲ့ အခေါ်အဝေါ်တွေနဲ့ စုံလင်လှတဲ့ ကချင်ဟင်းလျာအမည်တွေကို ကြည့်ပြီး ဘယ်ဟင်းလျာကို မှာကြရမယ်ဆိုတာ အလွယ် မဆုံးဖြတ် နိုင်အောင်ပါပဲ။

နောက်ဆုံးတော့ တပွဲချင်းစားလို့ရတဲ့ ဗန်းမော် မျှစ်ချဉ်ခေါက်ဆွဲလို စားဖွယ်တွေကိုမမှာတော့ဘဲ ကချင် ထမင်းနယ် (Shat Jam) နဲ့တွဲဖက်စားသုံးဖို့ ကချင်ဟင်းလျာတွေကိုပဲ မှာဖြစ်ပါတယ်။

အစားအစာတွေရဲ့အရသာအကြောင်း မပြော ခင် ဆိုင်ရဲ့အမည် “မလိခူး” ရဲ့ မြန်မာအဓိပ္ပာယ်ကို ပြောချင် ပါတယ်။ မလိခူးဆိုတာ မြန်မာလိုတော့ ဧရာဝတီမြစ်ရဲ့ စတင်ရာ မြစ်ဖျားခံရာ နေရာဆိုပြီး အဓိပ္ပာယ်ရ တယ်လို့ ဆိုင်ရှင်ဖြစ်သူ ကချင်အမျိုးသမီး ဒေါ်လုဘူက ဆိုပါတယ်။

မှာယူလိုက်တဲ့ဟင်းပွဲတွေ စားပွဲပေါ်ရောက်လာ တဲ့ အခါမှာတော့ ကချင်ဟင်းတွေရဲ့ တမူထူးခြားတဲ့ ဟင်းခတ် အမွှေး အကြိုင်ရနံ့တွေက သင်းသင်း ပျံ့ပျံ့ ဆွဲဆောင်ပါတော့တယ်။ ငါး ကချင်ချက်က တော့ ငါးကြင်းသားကို ဖက်ဖယ်ရွက်၊ မဂရန့် အခေါက်၊ မက်ခါစေ့၊ ပင်စိမ်း၊ ရှမ်းနံနံ၊ ချင်း၊ ကြက်သွန်၊ ငရုတ်သီး စိမ်းတို့နဲ့ လုံးချက်ချက် ထားတာလို့ သိရပါတယ်။ ဆီကလေးပါတယ် ဆိုရုံမျှသာ ဖြစ်ပြီး မထည့်ချင်ရင်လည်း ရတယ်လို့ ဆိုပါတယ်။

ဝက်ချဉ် စော်ကားသီး ဟင်းကလည်း ဝက်သားကို ခုနက အမွှေးအကြိုင်တွေနဲ့ပဲ ချက်ထားတာဖြစ်ပြီး ချဉ်စော် ကားသီးရဲ့ အချဉ်ဓာတ်လေးကြောင့် အအီလည်း ပြေစေပါတယ်။ ငါးကျည်းခြောက်ထောင်းက လည်း ငါးကျည်း ခြောက်ရဲ့ နဂိုအချိုအရသာမှာ ကချင် ဟင်းခတ် အမွှေးအကြိုင်ပစ္စည်းတွေ အပါအဝင် ငရုတ်သီးစိမ်းရဲ့ အစပ် အရသာလေးပါ ပါဝင်တာ ကြောင့် အရသာ ပိုပြီးပြည့်စုံနေပါတယ်။ ထူးခြားပြီး လျှာထဲစွဲသွားစေတဲ့ အသီး အရွက် ဟင်းလျာတခွက် ကတော့ ဂေါ်ရခါးသီးသုပ်ပါပဲ။ ဂေါ်ရခါးသီးကို အစိမ်းလိုက် အမျှင်အချောင်းလေးတွေ ရအောင်ခြစ် ပြီး ကြက်သွန်နီ၊ ပဲပုပ်၊ သံပရာသီး၊ ပါးပါးလှီးထားတဲ့ ငရုတ်သီးစိမ်းလေးတွေနဲ့ စပ်စပ်ချဉ်ချဉ် အရသာလေး ဖြစ်အောင် သုပ်ထားတာပါ။

အစပ်အရသာ ကဲတဲ့ ဟင်းတွေအပြီးမှာတော့ ကြက်ဥမှိုကပ်ကြော်လို အဆိမ့်အရသာ သက်သက် ဟင်းအကြောင်းလည်း ပြောချင်ပါသေးတယ်။ ကချင်ပြည်နယ်ကရတဲ့ သစ်ပင်တွေ မှာ သဘာဝအတိုင်း ကပ်ပြီး ပေါက်တဲ့ မှိုတမျိုးကို ကြက်ဥ၊ ကြက်သွန်မြိတ်တို့နဲ့ ရောပြီး ကြော်ထားတဲ့ ဟင်းလျာက စောစောက ဟင်းတွေ ရဲ့ အစပ်အရသာကို ပြေစေပါတယ်။ အရည်သောက် ဟင်းလျာဖြစ်တဲ့ ပိန်းဥ တောင်ယာ ပဲဟင်းချိုကလည်း မုန်ညင်းစိမ်း၊ ပိန်းဥနဲ့ ပဲလုံးကလေးတွေရဲ့ အဆိမ့် အရသာနဲ့ လတ်ဆတ် ချိုမြိန်နေပါတယ်။ ၁၉၉၉ ခုနှစ်မှာ မလိခူး ကချင်ရိုးရာ စားသောက်ဆိုင်ကို ရန်ကုန်၊ မြေနီကုန်းမှာ စတင် ဖွင့်လှစ်ခဲ့ပြီး ဗန်းမော် မျှစ်ချဉ်ခေါက်ဆွဲနဲ့ ကချင် ထမင်းနယ် (Shat Jam) တို့ဟာ နာမည်ရခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်ကို ဇာတိ ဗန်းမော်ကနေ ၁၉၈၀ ပြည့်နှစ်လောက်မှာ ရောက်ရှိခဲ့ပြီးနောက်ပိုင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မိမိတို့ရဲ့ ရိုးရာအစားအသောက်ကို ထင်ရှား လူသိများစေလိုတဲ့ဆန္ဒနဲ့ ဆိုင်ဖွင့်ဖို့ စိတ်ကူးရခဲ့တာ ဖြစ်တယ်လို့ ဆိုင်ရှင် ဒေါ်လုဘူက ပြောပါတယ်။

ကချင်ဟင်းလျာတွေမှာပါတဲ့ အမွှေးအကြိုင် ပစ္စည်းတွေကလည်း တမျိုးစီအလိုက် ဆေးဖက်ဝင် တာကို သိရပါတယ်။ မဂရန့်အခေါက်က စီပိုး ကုသ ရာမှာ အသုံးဝင်ပါတယ်တဲ့။ ဖက်ဖယ်ရွက်က အစာကြေညက် မှုကိုအားပေးပြီး ပင်စိမ်းက လေနဲ့ သလိပ် ကို နိုင်လို့ အစာမကြေခြင်းနဲ့ ချောင်းဆိုးခြင်းတွေ အတွက် ကောင်းပါသတဲ့။ ချဉ်စော်ကားသီးကတော့ သွေးတိုး၊ အဆစ်အမြစ်နဲ့ နှလုံးအတွက်ကောင်းပြီး အဆီကျစေ တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခြားကျန်ရှိသေးတဲ့ အမွှေးအကြိုင်တွေ၊ သစ်ဥ သစ်မြစ်တွေ ကလည်း တမျိုးစီ ဆေးဖက်ဝင်ကြသေးတယ်လို့လည်း သိရပါတယ်။

ကချင် ထမင်းဟင်းတွေနဲ့ တွဲဖက်ညီလှတဲ့ ငချိတ် ကောက်ညှင်းနဲ့ချက်ထားတဲ့ ကချင်ခေါင်ရည် စာ့ပီ (Tsa-pi) ကလည်း လတ်ဆတ်တဲ့ကောက်ညှင်းရနံ့ မွှေးပျံ့နေပြီး ချိုရှရှအရသာနဲ့ အာရုံတွေကို လန်းဆန်း စေပါတယ်။ ပြည်နယ်ဖြစ် မက်လင်ချဉ်ဖျော်ရည်နဲ့ အထူး ရိုးရာသောက်စရာတွေဖြစ်တဲ့ မက်မန်းဝိုင်၊ ချဉ်စော်ကားသီး ဝိုင်နဲ့ စပျစ်ဝိုင်တွေလည်း ရနိုင်ပါသေးတယ်။

မလိခူးကို ကန်တော်ကြီး၊ ကရဝိက်ဥယျာဉ်ကမ္ဘာ ဝင်းထဲမှာ နေ့စဉ် နံနက် ၇နာရီကနေ ည ၁၀ နာရီ လောက်အထိ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ စိမ်းစိုကျယ်ပြောတဲ့ မြင်ကွင်းတွေ ခံစားပြီး ကချင် ရိုးရာ စားစရာတွေကို အရသာရှိရှိ စားသောက်ချင် တယ်ဆိုရင်၊ ပန်းခြံဝင်ကြေး လူကြီး ၁ ဦး ကျပ် ၃၀ဝ ကျပ်၊ ကလေး ၁ ဦး ၁၀ဝ ပေးဖို့လည်း မနှမြောတတ် ဘူး ဆိုရင်တော့ ကန်တော်ကြီးထဲက မလိခူး ကချင် ရိုးရာ အစားအစာဆိုင်မှာ တခါလောက် သွားရောက် မြည်းစမ်းကြည့်ဖို့ အကြံပြုချင်ပါတယ်။ ကချင် စာတွေစားပြီး မက်လင်ချဉ်ဖျော်ရည် တခွက်လောက် သွားသောက်ကြည့်လိုက်ရအောင်။

No comments:

Post a Comment